13 မကျွမ်းသော သူအတွက်၊ အမျိုးပျက်သော မိန်းမအတွက်၊ အာမခံတတ်သော သူသည် အဝတ်အစ ရှိသော ဥစ္စာတစုံတခုကို ပေါင်ထားစေ။ 14 နံနက်စောစောထ၍၊ မိမိအဆွေခင်ပွန်းကို ကျယ်သောအသံနှင့် ကောင်းကြီးပေးသောသူသည် ကျိန်ဆဲခြင်းကို ပြုရာရောက်၏။ 15 ရန်တွေ့တတ်သော မယားသည် မိုဃ်းသည်း စွာ ရွာသောနေ့၌ အစက်စက်ကျသော မိုဃ်းပေါက်နှင့် တူ၏။ 16 ထိုမိန်းမကို သိမ်းထားသောသူသည် လေကို သိမ်းထားသောသူနှင့်တူ၏။ လက်ျာလက်၌ လိမ်းသော နံ့သာဆီကို ဝှက်၍မထားနိုင်။ 17 သံကို သံဖြင့်ထက်စေသကဲ့သို့၊ လူသည်အဆွေ ခင်ပွန်း၏ မျက်နှာကို ထက်စေတတ်၏။ 18 သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သော သူသည် ဂုဏ်အသရေကို ရတတ်၏။ 19 ရေ၌လူမျက်နှာချင်းတူသကဲ့သို့၊ လူတယောက် နှင့်တယောက် စိတ်သဘောတူကြ၏။ 20 မရဏာနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် အလိုမပြည့် စုံသကဲ့သို့၊ လူတို့မျက်စိသည် အလိုမပြည့်စုံတတ်။ 21 ငွေစစ်စရာဘို့ မိုက်ရှိ၏။ ရွှေစစ်စရာဘို့ မီးဖို ရှိ၏။ လူကိုစစ်စရာဘို့ သူတပါးချီးမွမ်းခြင်းရှိ၏။ 22 မိုက်သောသူကို စပါးနှင့်အတူဆုံ၌ ကျည်ပွေ့နှင့် ထောင်သော်လည်း၊ မိုက်သောသဘောမထွက်တတ်။
23 သင်၏ သိုးစုအကြောင်းတို့ကို သိခြင်းငှါ ကြိုး စားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့။ 24 စည်းစိမ်သည် အမြဲမတည်တတ်။ ရှင်ဘုရင်၏ စည်းစိမ်သော်လည်း၊ လူမျိုးအစဉ်အဆက် မတည် တတ်။ 25 မြက်ပင်ပေါက်တတ်၏။ ပျိုးပင်လည်း ထင်ရှား တတ်၏။ တောင်ယာအသီးကိုလည်း သိမ်းရ၏။ 26 သိုးသငယ်တို့သည် သင်ဝတ်စရာဘို့၊ ဆိတ်တို့သည် လည်း မြေအဘိုးကိုဖြေစရာဘို့ ပြစ်၏။ 27 သင်စားစရာဘို့၊ အိမ်သူအိမ်သားစားစရာဘို့၊ ကျွန်မိန်းမများကို ကျွေးစရာဘို့ ဆိတ်နို့လောက်လိမ့်မည်။
<- သုတ္တံကျမ်း။ 26သုတ္တံကျမ်း။ 28 ->