15 အကျွမ်းမဝင်သောသူ၏ အမှု၌အာမခံသော သူသည် အလွန်နာလိမ့်မည်။ လက်ဝါးချင်းရိုက်သော အမှု ကို မုန်းသောသူမူကား၊ စိုးရိမ်စရာမရှိ။ 16 နှစ်သက်ဘွယ်သောမိန်းမသည် ဂုဏ်အသရေ ကို၎င်း၊ ခွန်အားကြီးသော ယောက်ျားသည် စည်းစိမ်ကို ၎င်း ရတတ်၏။ 17 သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ်၏။ 18 မတရားသောသူပြုသော အမှုသည် အမြဲ မတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသော သူမူကား၊ မြဲမြံသော အကျိုးကိုခံရလိမ့်မည်။ 19 ဖြောင့်မတ်ခြင်းတရားသည် အသက်ရှင်ခြင်းနှင့် ဆိုင်သကဲ့သို့၊ ဒုစရိုက်ကိုလိုက်ရှာသောသူသည်လည်း၊ မိမိသေခြင်းတိုင်အောင် လိုက်ရှာတတ်၏။ 20 သဘောကောက်သောသူတို့ကို ထာဝရဘုရား သည် စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်သောလမ်းသို့ လိုက်သော သူတို့ကိုကား၊ နှစ်သက်တော်မူ၏။ 21 လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ် ဒဏ်နှင့်မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုး အနွှယ်မူကား လွတ်ရ၏။ 22 သမ္မာသတိမရှိ၊ အဆင်းလှသော မိန်းမသည် ဝက်မနှာခေါင်းဖျား၌တပ်သော ရွှေတန်ဆာနှင့်တူ၏။ 23 ဖြောင့်မတ်သောသူသည် မြတ်သောအရာကို သာတောင့်တတတ်၏။ မတရားသောသူမြော်လင့်သော အရာမူကား၊ ဒေါသအမျက်နှင့် ဆိုင်သတည်း။ 24 စွန့်ကြဲသော်လည်း ဥစ္စာတိုးပွါး တတ်သော သူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သော သူလည်းရှိ၏။ 25 စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတပါးကို ရေလောင်းသော သူသည် ကိုယ်တိုင် ရေလောင်းခြင်း အကျိုး ကို ခံရလိမ့်မည်။ 26 စပါးကိုသိုထားသော သူသည် လူများကျိန်ဆဲ ခြင်းကို ခံရလိမ့်မည်။ ရောင်းချသောသူ၏ခေါင်း၌မူကား၊ ကောင်းကြီးမင်္ဂလာရှိလိမ့်မည်။ 27 ကောင်းသောအရာကိုကြိုးစား၍ ရှာသော သူသည် ကျေးဇူးကို ခံရလိမ့်မည်။ သူ့အကျိုးကိုဖျက်ခြင်းငှါ ရှာကြံသောသူမူကား၊ ကိုယ်အကျိုးပျက်ခြင်းရှိလိမ့်မည်။ 28 မိမိစည်းစိမ်ကို ကိုးစားသောသူသည် ရှုံးလိမ့် မည်။ ဖြောင့်မတ်သော သူမူကား၊ သစ်ခက်ကဲ့သို့ စိမ်း လန်းလိမ့်မည်။ 29 မိမိအိမ်ကိုနှောင့်ရှက်သော သူသည် လေကို အမွေခံရလိမ့်မည်။ မိုက်သောသူသည်လည်း၊ လိမ္မာသော သူထံ၌ ကျွန်ခံရလိမ့်မည်။ 30 ဖြောင့်မတ်သောသူ သီးသော အသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။ 31 ဖြောင့်မတ်သောသူသော်လည်း မြေကြီးပေါ်မှာ အပြစ်ဒဏ်ကို ခံရ၏။ မတရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား၊ အဘယ်ဆိုဘွယ်ရာ ရှိသနည်း။
<- သုတ္တံကျမ်း။ 10သုတ္တံကျမ်း။ 12 ->